Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၆)

A+ A-

” ဘာခိုင်းစရာရှိလို့လဲဟင် အစ်မ ”

” မရှိပါဘူး အငယ်ရဲ့ “

မီးဖိုချောင်ထဲကို ထင်းချောင်းတွေသယ်ထည့်နေတဲ့ဒင်္ဂါးကို အရိပ်တကြည့်ကြည့်လုပ်နေတဲ့ အစ်မငွေမှုန်ကို မေးလိုက်တော့ ခေါင်းခါပြီးပြန်ဖြေသည်။ 

” ဒါဖြင့်ရင် ဘာလို့ကျွန်တော့်ကို တကြည့်ကြည့်လုပ်နေတာလဲ ”

ဒင်္ဂါးထပ်ပြောလိုက်တော့ သင်လက်စကင်ပွန်းချဉ်ရွက်ဗန်းကို ကြောင်အိမ်ပေါ်တင်လိုက်ပြီး ဒင်္ဂါးအနား ရောက်လာသည်။

” အစ်မ အငယ့်ကိုပြောပြစရာရှိတယ်…  မပြောပြခင်မှာ အငယ့်ကိုအရင်မေးချင်တာလဲရှိလို့ ”

ဘာကိစ္စပြောမှာမို့ စကားပျိုးနေမှန်းမသိတဲ့ အစ်မဖြစ်သူကြောင့် ဒင်္ဂါးယောင်နနနဲ့ သယ်လက်စထင်းချောင်းကိုပြန်ချပြီး အစ်မငွေမှုန်အနားကပ်ထိုင်လိုက်သည်။ အခုဒင်္ဂါးတို့ပုံစံက ကလေးဘဝမှာ အမေမသိအောင် မီးဖိုဆောင်ထဲဝင်ပြီး ပုစွန်ခြောက်ခိုးစားနေသလို။  

” ဘာမေးမှာမို့လို့ စကားပလ္လင်ခံနေတာလဲ အစ်မရဲ့ “

” ပစ်တိုင်းထောင်နဲ့ အငယ့်ကိစ္စလေ… အငယ့်ဆန္ဒ ဘယ်လိုရှိလဲဟင် “

ငွေမှုန်မေးလိုက်တော့ နဂိုအသားဖြူတဲ့အငယ့်မျက်နှာက စွေးစွေးနီလာသည်။ ငွေမှုန်အကဲခတ်ကြည့်မိသလောက်ဆို အငယ်ကလည်း မောင်ငယ့်အပေါ်မေတ္တာရှိရှာပါသည်။ သူ့စိတ်သူမသိသေးတာကြောင့် မဆုံးဖြတ်နိုင်သေးတာကတော့ တစ်ပိုင်းပေါ့။ 

” ကျွန်တော်လည်း မပြောတတ်ဘူး… ထင်မထားတဲ့ကိစ္စဆိုတော့ “

” အစ်မ နားလည်ပါတယ်… အငယ်က အကုန်လုံးအပေါ် စေတနာထားပြီး စိတ်ရှင်းတဲ့သူဆိုတော့ တစ်ဖက်လူကိုယ့်အပေါ်ဘယ်လိုသဘောထားထား အငယ်က စိတ်ရင်းနဲ့သာမို့ မောင်ငယ့်ရဲ့စိတ်နေဟန်ထားကို အငယ်သတိမထားမိတာ သဘာဝကျပါတယ် “

ဝေခွဲမရဖြစ်နေတဲ့အငယ့်ကို ငွေမှုန် ဖေးဖေးမမပြောလိုက်သည်။ 

” အစ်မရော ကျွန်တော့်အပေါ် ဘယ်လိုမြင်လဲဟင်… ကျွန်တော်က အဲလို “

” အငယ်က ဘာဖြစ်ဖြစ် အစ်မရဲ့မောင်ပဲ… တရားသဘောအရပြောရမယ်ဆိုရင် အစ်မတို့က လူ့ဘဝကိုတစ်ခဏလာတဲ့ဧည့်သည်တွေပါ… အခု အငယ့်အသက်က နှစ်ဆယ့်နှစ်နှစ်ဆိုရင် လွန်ခဲ့တဲ့နှစ်ဆယ့်သုံးနှစ်က အငယ်က တခြားဘဝမှာပဲရှိဦးမှာ… နောက်နေ့ထပ်နောက်ဘဝက ကိုယ်နဲ့ပိုနီးတယ် အငယ်… 

အသက်ရှိစဉ်ခဏ ဒီဘဝမှာဆုံရတဲ့လူတွေကိုရော ကိုယ့်ကိုယ်ကိုယ်ရော တန်ဖိုးထားပါ အငယ်… ကိုယ့်တန်ဖိုးက ကိုယ့်လက်ထဲမှာပဲရှိတာပါ “

ငွေမှုန်ပြောတော့ အငယ်က တွေးဆဆနဲ့ အဝေးကိုငေးကြည့်ရင်း မေးသည်။

” ကျွန်တော်က အရမ်းပဲတုံးအနေတာလားဟင် “

” မတုံးပါဘူး… အစ်မရဲ့အငယ်က အေးချမ်းတာပါ “

တကယ်ကိုလည်း ငွေမှုန့်မောင်လေးက အေးချမ်းပါသည်။ အရာရာအားနာပြီး ကူညီတတ်တဲ့အငယ်က မောင်ငယ့်လို လူမှန်စိတ်မှန်နဲ့မှ အဆင်ပြေပေလိမ့်မည်။ 

” ဒါထက် မောင်ငယ်နဲ့ရော စကားပြောဖြစ်သေးလား… သူ ဘာပြောသေးလဲ “

” သူက “

” အင်း… သူက ဘာတဲ့လဲ… ဘာလဲ ရှက်နေတာလား “

ငွေမှုန့်ကိုစကားဆက်မပြောပဲ နားသန်သီးတွေနီလာပြန်တဲ့အငယ့်ကို ငွေမှုန် စနောက်လိုက်သည်။ 

” ဟာ… အစ်မငွေမှုန်ကလည်း “

” ရှက်မနေပါနဲ့… ရှိတာမှ ဒီမောင်နှမနှစ်ယောက်တည်းကို . အစ်မကိုမပြောတော့ အငယ်ကဘယ်သူ့ကိုပြောမလို့လဲ… မောင်ငယ့်ကိုလား “

” ဟာ.. အစ်မနော်… ထပ်စနေရင် ကျွန်တော်မပြောတော့ဘူးဗျာ့ “

” ကဲပါ. ကဲပါ… အစ်မ မစတော့ဘူး . ပြော . ပြော “

မစတော့ဘူးပြောပေမယ့် ပြုံးစစမျက်နှာပေနဲ့ ဒင်္ဂါးကိုကြည့်နေတဲ့အစ်မငွေမှုန်ကြောင့် ခေါင်းကိုငုံ့ကိုင်းပြီး လက်ထဲကထင်းချောင်းနဲ့ မြေကြီးကိုဟိုခြစ်ဒီခြစ်လုပ်ရင်း စကားဆက်လိုက်သည်။ 

” အင်း. သူက ကျွန်တော့်ကို မေတ္တာရှိကြောင်းပြောတယ်… ကျွန်တော့်သဘောထားက ဘယ်လိုရှိလဲတဲ့… “

” အငယ်က ဘာပြန်ပြောလိုက်လဲ “

” ကျွန်တော်က ညီလေးတစ်ယောက်လို သံယောဇဉ်ရှိပါတယ် ပြောမလို့ကို သူကအပြောမခံဘူး “

” အငယ်ရယ် . မင်းနဲ့တော့ခက်တော့တာပဲ “

ဒင်္ဂါးပြောတော့ အစ်မငွေမှုန်က ဒင်္ဂါးလက်မောင်းကို ခပ်သာသာရိုက်လို့ရယ်သည်။ တဆက်တည်းမှာပဲ တစ်နေ့ညက တင်တင်စီးစီးပြောသွားတဲ့သူကို သတိရသွားပြီး အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။

” အဲဒါနဲ့ပဲ ကျွန်တော်စဉ်းစားပါရစေဦးလို့ ပြောလိုက်တယ်… အဲဒါကို သူက စဉ်းစားရင်လည်း ငြင်းဖို့မစဉ်းစားနဲ့. လက်ခံဖို့ပဲစဉ်းစားတဲ့… သူများကိုလည်း ချစ်ရေးဆိုသေးတယ်. လေသံကလည်း အထက်ကမဆင်းဘူး “ 

” အော်. ဒါကတော့ အငယ် သူ့မေတ္တာတွေကို ငြင်းလိုက်မှာစိုးတဲ့စိတ်နဲ့ ပြောတာဖြစ်မှာပါ “

” အစ်မနော်. အစ်မမောင်က ကျွန်တော်လား . ပစ်တိုင်းထောင်လား “

” နှစ်ယောက်လုံးပဲ “

” ဒါနဲ့ အစ်မ ကျွန်တော့်ကိုပြောပြစရာရှိတယ်ဆိုတာက “

မောင်နှမနှစ်ယောက် တိုးတိုးကြိတ်ကြိတ်ပြောနေရာက မူလအကြောင်းတရားကို သတိရသွားတာကြောင့် ဒင်္ဂါး မေးလိုက်သည်။

” အင်း. မင်းကတော်လေးက တယ်လီဖုန်းဆက်သေးတယ် “

” ဘာဖြစ်လို့လဲ ”

” အငယ်တို့အခြေအနေကို သိချင်တာလည်းပါတယ်… ပြီးတော့ မြို့အုပ်မင်းက မောင်ငယ့်ကိုစိတ်ခုပြီး ပြန်သွားတာလေ… မင်းကတော်လေးရဲ့စကားအသွားအလာအရဆိုရင်တော့ မောင်ငယ့်ကိုပြန်လာပြီး မြို့အုပ်မင်းနဲ့ပြေလည်စေချင်တာထင်တယ် ”

အစ်မငွေမှုန်ပြောတာနားထောင်ပြီးတော့ ဒင်္ဂါးစိတ်ထဲမကောင်း။ ကိုယ့်ကြောင့်ရယ်လို့မဆိုသာပေမယ့် ပစ်တိုင်းထောင်တို့ညီအစ်ကို အဆင်မပြေဖြစ်သွားတာက သူ့ပယောဂလည်းမကင်းဘူးလို့ တွေးထားသည်မို့။

ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒင်္ဂါးအနေနဲ့ လုပ်ပေးနိုင်တာလည်းမရှိတာကြောင့် စကားမစမိခြင်း။ ပစ်တိုင်းထောင်ကလည်း ထွေထွေထူးထူးပြောင်းလဲသွားတာမရှိ။ နေမြဲနေဆဲပင်။

” အဲဒါက ပစ်တိုင်းထောင်လုပ်မှဖြစ်မှာလေ… ကျွန်တော်တို့တတ်နိုင်တဲ့ကိစ္စမှမဟုတ်တာ ”

” ကျန်တဲ့လူတွေ မတတ်နိုင်တာမှန်ပေမယ့် အငယ်ကတော့ တတ်နိုင်ပါတယ် ”

” ကျွန်တော်က ဘယ်လိုလုပ်ပြီး “

အစ်မငွေမှုန် ဘာပြောချင်သလဲဆိုတာ ဒင်္ဂါးနားမလည်လို့ ပြန်မေးလိုက်မိသည်။

” မောင်ငယ်က ကြည့်တော့သာ အငယ့်အပေါ်ဗိုလ်ကျတယ်ထင်ရပေမယ့် အငယ်ပြောရင်ရပါတယ်. နော်.. အငယ်ပြောကြည့်ပေးနော်… ပြီးတော့ ဒီကိစ္စမှာ အဘနဲ့အစ်မက ဝင်ပါလို့လည်း သိပ်မသင့်တော်ဘူးလေကွယ် “

” အင်းပါ… ကျွန်တော်ပြောကြည့်လိုက်ပါမယ်… အာမတော့မခံဘူး… သူ့စိတ်က သူ့သမီးတွေအပေါ်မှာပဲ တသမတ်တည်းရှိတာ ”

တကယ်လည်း ပစ်တိုင်းထောင်က သူ့သမီးအပေါ်တွေမှာသာ စိတ်မှန်သည်။ သူ မေတ္တာရှိပါတယ်လို့ ပြောထားတဲ့ဒင်္ဂါးကိုတောင် တစ်ခါတစ်လေ စိတ်နဲ့မထိရင် ဆူလားငေါက်လား လုပ်ချင်ပါသေးသည်။ ဒါပေမဲ့လည်း ပြောတော့ပြောကြည့်လိုက်ပါမယ်လေ။ 

>>>>>>>>>>

” ကျုပ် သယ်ပေးမယ် “

ရွာလယ်ပိုင်းကရေတွင်းမှာ သောက်ရေသွားခပ်ပြီးတော့ ဒင်္ဂါးဆီက ရေပုံးနှစ်ပုံးဆိုင်းထားတဲ့ထမ်းပိုးကို ပစ်တိုင်းထောင်ကလွဲယူလိုက်သည်။ သူတို့နှစ်ယောက်အကြောင်းကိုသိထားတဲ့ကာလသားတွေနဲ့ ပျိုဖြူတွေက ပစ်တိုင်းထောင်နဲ့ဒင်္ဂါးတွဲမြင်ရင်ကို ပြုံးစိစိနဲ့ကြည့်သွားကြသည်။ 

သိပ်မရင်းတဲ့လူတွေက ပြုံးရုံသာကြည့်ပေမယ့် လူရင်းတွေဖြစ်တဲ့မိကဲတို့တစ်စုကတော့ သတင်းကြားတဲ့ညက ဒင်္ဂါးတို့အိမ်ကို နေကြာစေ့တစ်ထုပ်နဲ့ရောက်ချလာပြီး ပစ်တိုင်းထောင်ကို လာဟားတော့သည်။ သူတို့လာရုံတင် အားမရလို့ ကာလသားခေါင်းဆောင် ကိုဘမော်တို့ကိုပါ အဆစ်ဝင်ခေါ်ခဲ့သေးသည်။ 

မယ်တင်က မျက်နှာသိပ်မကောင်းပေမယ့် ပစ်တိုင်းထောင်အကြောင်းတော့ သိပုံပေါ်သည်။ မညိုမြကြီးကတော့ ဒင်္ဂါးကို လမ်းမှာတွေ့ရင်တောင် မသိချင်ယောင်ဆောင်သွားသည်မို့ ဒင်္ဂါးမှာ ရယ်ရခက်ငိုရခက်။ 

အခုလည်း ရွာလယ်လမ်းမကြီးမှာ ပစ်တိုင်းထောင်က ရေပုံးထမ်းလို့ ဒင်္ဂါးကဘေးမှာ ခမောက်ဆောင်းထားရင်း ကုပ်ကုပ်လေးပါလာသည်။

” ရပါတယ် ပစ်တိုင်းထောင်ရဲ့… ကျွန်တော်ပဲ သယ်ပါမယ်… ပစ်တိုင်းထောင်ကိုသယ်ခိုင်းတာ လူမြင်လို့လည်းမကောင်းပါဘူး “

” ဟ . ဘောက်မဲ့ကြောင့် လူမြင်လို့မကောင်းရမှာလဲ. ကျားကိုးစီးစားမကုန်တဲ့ကျုပ်က ခင်ဗျားဘေးကနေ လက်ဗလာနဲ့လိုက်နေတာကမှ လူမြင်မတင့်တယ်စရာ ဖြစ်နေတာ… “

” ဟို “

” ဟိုဟိုဒီဒီတွေ လုပ်မနေစမ်းပါနဲ့ ရွှေဒင်္ဂါးရာ… စကားတွေများလိုက်တာ… ကျုပ်ကချစ်တော့ချစ်ပေမယ့် စိတ်ကသိပ်မရှည်ဘူးဗျာ့ “

” ပစ်တိုင်းထောင်ကလည်း “

မပင်ပန်းစေချင်လို့ ချိုးဖို့ရေတောင် တုံကင်နှိပ်ပေးထားသည်ကို တစ်မူထူးတဲ့ကိုဒင်္ဂါးတို့က ဒီကာလဆို ရွာလယ်ရေတွင်းရေက ပိုချိုအေးသည်ဆိုကာ တွင်းရေလာခပ်လေသည်။ 

ခွေးပုကိုခိုင်းမလို့ လိုက်ရှာလိုက်ပေမယ့် သကောင့်သားက မယ်တင်တို့အိမ်အတွက် ဦးအောင်ရေသွားခပ်လေသည်။ ဒီလောက်တောင်ဖြစ်လှ မယ်တင်တို့အိမ်က တင်းကုတ်မှာတဲထိုးနေပါလားလို့ ပြောလိုက်တော့ ဆျာထောင် တကယ်ပြောတာလား ဆိုပြီး ပြန်မေးလာသည်မို့ နားရင်းသုံးချက်လောက် အုပ်လိုက်ရသေးသည်။ 

” ဘာပြောစရာရှိလို့လဲ… မဟုတ်မှ ကျုပ်ကိုအဖြေပေးမလို့လား… အာ့ဆိုလည်း အခုမပေးနဲ့ဦး… ကျုပ်လက်နှစ်ဖက်လုံးမအားသေးဘူး “

” မဟုတ်. မဟုတ်ပါဘူး… ပစ်တိုင်းထောင်ရဲ့ “

ပစ်တိုင်းထောင်ဘေးနားမှာ တလှုပ်လှုပ်နဲ့ပါလာတဲ့ ရွှေဒင်္ဂါးကြောင့် လှစ်ခနဲရယ်လိုက်မိသည်။ ပစ်တိုင်းထောင်ကို တစ်ခုခုပြောချင်ဟန်နဲ့ မကြာမကြာလှည့်ကြည့်နေတာကြောင့် ပြောလိုက်တော့ အသည်းအသန်ငြင်းလာသည်။ 

ဧကန္တ ရွှေဒင်္ဂါးတစ်ယောက် ပစ်တိုင်းထောင်ကို အဖြေပေးဖို့ လုံးဝမစဉ်းစားတာတော့ မဟုတ်ဘူးမလား။ သူအဖြေမပေးတာကအကြောင်းမဟုတ်။ ပစ်တိုင်းထောင်က လက်လွန်ကြက်သွန်ဖြစ်ပြီး ကိုကိုကြီးတို့ကိုတောင် တောင်းခိုင်းပြီးနေပြီ။ 

ရွှေဒင်္ဂါးအဖြေမပေးဘူးဆိုလည်း အရှက်တော့အကွဲမခံနိုင်။ ပဝါပါးကြောင့် တစ်မြို့သားရှက်ကြိုးပြတ်ရသည်ဆိုတာက လူကြားလို့မှမကောင်း။

” ဒါဖြင့် ဘာလဲ… ပြောလက်စနဲ့ တစ်ခါတည်းဆက်ပြောဦးမယ်… သုံးနှစ်သုံးမိုးတော့ မစောင့်ခိုင်းနဲ့နော်. ကျုပ်ကစိတ်မရှည်ရင် ခင်ဗျားကိုခိုးပြေးပစ်မှာဗျာ့… ဘာမှတ်လဲ “ 

” ပစ်တိုင်းထောင်ကလည်း “ 

ပစ်တိုင်းထောင်ပြောလိုက်တော့ နီရဲရဲမျက်နှာလေးနဲ့ လေသံတိုးတိုးက ပန်းသမျှပြေ နွမ်းသမျှဖြေချင်စရာဖြစ်သည်။ ညနေဆည်းဆာအလှက ရွှေဒင်္ဂါးကို အဘယ်ကြောင့်ရှုံးရသနည်း။ 

ပစ်တိုင်းထောင်မှာလည်း အဖြေမရှိ။ ရင်ခုန်ပါစေလို့ တမင်ပြုစားထားခြင်းမရှိသော်လည်း ချစ်မိပြီဆိုကတည်းက ပစ်တိုင်းထောင်နှလုံးသားက ရွှေဒင်္ဂါးလို့သာ ခုန်ပါတော့သည်။ 

” ကျွန်တော်က မြို့အုပ်မင်းတို့အကြောင်း ပြောမလို့ပါ “

” ကိုကိုကြီးတို့အကြောင်း… ကိုကိုကြီးတို့က ဘာဖြစ်လို့လဲ “

ပစ်တိုင်းထောင်လေသံနည်းနည်းမာသွားတော့ ရွှေဒင်္ဂါးကိုယ်လေးက တစ်ချက်တွန့်သွားသည်။ အလိုမကျစိတ်ကြောင့် ပစ်တိုင်းထောင်မျက်မှောင်ကြုတ်မိသည်။ ပစ်တိုင်းထောင်က သူ့ကိုဘာလုပ်နေလို့လဲ။ 

မေတ္တာရှိကြောင်းပြောတော့လည်းကြောက်၊ အဖြေတောင်းတော့လည်းကြောက်နဲ့ ရွှေဒင်္ဂါးကတော့ ခက်ချေသည်။ သူ့ကိုကြောက်စရာမလို ချစ်စရာသာလိုကြောင်း သိအောင်အခါခါသာပြောချင်တော့သည်။ 

” မြို့အုပ်မင်းကဘာမှမဖြစ်ပါဘူး… မင်းကတော်လေးက အစ်မငွေမှုန်ကို တယ်လီဖုန်းဆက်တယ် “

” မမကြီး. မမကြီးက အစ်မငွေမှုန်ကို ဘာဖြစ်လို့ဆက်တာလဲ… ဆက်ချင်းဆက် ကျုပ်ဆီမဟုတ်ရင်တောင် ခင်ဗျားဆီဆက်ရမှာ မဟုတ်ဘူးလား “

ပစ်တိုင်းထောင်ရဲ့စကားအရသာခံအပြောကြောင့် ရွှေဒင်္ဂါးဆီက မျက်စောင်းမမြည်သော မျက်စောင်းတစ်ခု လက်ခံရရှိလေတော့ ပစ်တိုင်းထောင် ခပ်ဟဟရယ်မိသည်။

” ကဲ. ထားပါတော့… မမကြီးက ဘာတဲ့လဲ “

” ဟို . ဟို ပစ်တိုင်းထောင်ကို မြို့ခဏပြန်လာစေချင်တာထင်တယ် “

” ဘာလို့လဲ “

” ဟို မြို့အုပ်မင်းက စိတ်နည်းနည်းခုသွားတာဆိုတော့ အဲဒါ ပစ်တိုင်းထောင်ကို “

ကြည့်ရတာ မမကြီးက ပစ်တိုင်းထောင်တို့ညီအစ်ကိုကြားက စစ်အေးတိုက်ပွဲကို သံတမန်ကမ်းလှမ်းလာတာပဲဖြစ်လိမ့်မည်။ ပစ်တိုင်းထောင်က စိတ်မပါလို့သာ ဟိုက်စကူးသုံးခါကျတာဆိုပေမယ့် ခပ်ညံ့ညံ့ကောင်တော့မဟုတ်။ သူဉာဏ်ကောင်းတာ သူသိရင်ဖြစ်ပြီမို့ တကူးတကလည်း လိုက်မကြွားချင်ပါ။ 

” ကိုကိုကြီး စိတ်ခုသွားတာက ကျုပ်အပြစ်လား… ကိုကိုကြီးကို ကျုပ်ကလိမ်ခေါ်ခဲ့တာလည်းမဟုတ်… သူကြီးအိမ်က ကလေးကိုမေတ္တာရှိလို့ လိုက်တောင်းပေးပါလို့ပဲပြောခဲ့တာလေ… ကျုပ်ပါးစပ်က အစ်မငွေမှုန်ပါလို့ တစ်ခွန်းမှမပြောခဲ့ဘူး “

” အဲလိုဆိုပေမယ့်လည်း “

ပြောရခက်နေဟန်နဲ့ လည်ကုပ်ကိုနာနာဖိပွတ်နေတဲ့ရွှေဒင်္ဂါးကို ပစ်တိုင်းထောင်မေးလိုက်သည်။ 

” ခင်ဗျားအမြင်မှာရော ကျုပ်ကအပြစ်ရှိလား “

” ဘာပဲဖြစ်ဖြစ် ပစ်တိုင်းထောင်တို့ညီအစ်ကို ကျွန်တော့်ကြောင့် စိတ်သဘောထားကွဲရတာမျိုးဆိုရင်တော့ ကျွန်တော်လည်း ဘယ်စိတ်ကောင်းပါ့မလဲ “

ကိုကိုကြီးနဲ့သူနဲ့ကြားကကိစ္စကြောင့် ရွှေဒင်္ဂါးထိုသို့ခံစားနေရတယ်ဆိုတာ ပစ်တိုင်းထောင်မသိခဲ့ရိုးအမှန်ပါ။ တကယ်အရိုးခံစိတ်လေးနဲ့ ပြောလာတာကြောင့် ပစ်တိုင်းထောင် သက်ပြင်းဖွဖွချရင်းဆိုမိပြန်သည်။ ပခုံးပေါ်အလေးထမ်းပိုးထက် ရွှေဒင်္ဂါးမျက်နှာညှိုးသွားတာက သူ့အတွက်ပိုလေးလံသည်။

” ဟာ.. ဘာဆိုင်လို့လဲ ရွှေဒင်္ဂါးရ… ခင်ဗျားက အနေသာကြီးကို “

ပစ်တိုင်းထောင်စကားကို မထောက်ခံသလိုနဲ့ တစ်ဖက်လှည့်သွားသည်။ 

” ခင်ဗျားက တကယ်ပဲဗျာ… အနားမှာမေတ္တာတောင်းနေတဲ့လူကျတော့ အလေးမထားပဲ မတော်ရသေးတဲ့ယောက်ဖလောင်းဆီကတော့ အမှတ်ရချင်နေပြန်တယ် “

” ပစ်တိုင်းထောင်နော် “

သေစေလိုတဲ့ဆန္ဒမပါ စကားအရာနဲ့တင် လက်နက်ချစေတဲ့အပြောကြောင့် ပစ်တိုင်းထောင်ရင်ထဲ လိပ်ပြာတို့ပျံဝဲသွားသည်။ အပေါ်စီးကမြင်ရတဲ့မျက်တောင်စိပ်စိပ်လေးတွေက ငြိမ်းချမ်းချင်စရာကောင်းပြီး နှုတ်ခမ်းရဲရဲလေးကတော့ အလိုလိုက်ချင်စရာကောင်းသည်။ 

” ကဲပါ… ခင်ဗျားက အခု ကျုပ်ကို မြို့ပြန်ပြီး ကိုကိုကြီးနဲ့ သင့်မြတ်စေချင်တာမလား “

ပစ်တိုင်းထောင်မေးတော့ ကလေးငယ်တစ်ယောက်လို ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။

” အဲအတွက် ကျုပ်ကဘာရမှာလဲ “

” ဟင် “

ကဲ… စလာပြန်ပြီ ဒီစကား။ ရွှေဒင်္ဂါးတို့ဘဝမှာ ဟင် တစ်လုံးဆောင် ဘာမဆိုအောင်သည်ထင်ပါရဲ့။ ပစ်တိုင်းထောင် တစ်ခုခုမေးရင် ဆယ်ခွန်းမှာ ကိုးခွန်းလောက်က ဟင် လို့သာပြန်ဖြေတတ်သည်။ 

” ဟုတ်တယ်လေ… ခင်ဗျားဆန္ဒကို တစ်ခုဖြည့်ပေးပြီးရင် ကျုပ်ဆန္ဒကိုလည်း တစ်ခုပြန်ဖြည့်ပေးရမယ်မဟုတ်ဘူးလား… ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလေဗျာ “

” ဟင် “

” ကျစ်! ရွှေဒင်္ဂါး… ကျုပ်ကို အသည်းယားအောင် လုပ်နေတာလား “

ပစ်တိုင်းထောင် မချိတင်ကဲရေရွတ်မိတော့ ခပ်တိုးတိုးဆိုလာသည်။ 

” ပစ်တိုင်းထောင်က ဘာဖြစ်ချင်တာလဲ… ကျွန်တော် တတ်နိုင်တာဆိုရင်တော့ လုပ်ပေးမှာပါ “

” ကိုကိုကြီးနဲ့အဆင်ပြေပြီး ပြန်လာရင် ကျုပ်ကို နှလုံးသားတံခါးဖွင့်ပေးရမယ်… ဘယ့်နှယ်လဲ… မဟုတ်ရင်တော့ ကျုပ်က နိုး ပဲ “ 

” ပစ်တိုင်းထောင်က ကျွန်တော့်ကိုဆို အမြဲအနိုင်ကျင့်တယ်… အဲဒါ မကောင်းဘူးနော် “

အငြင်းစကားမဟုတ်ပဲ တီးတိုးရေရွတ်သံလေးကြောင့် ပစ်တိုင်းထောင်၏ကျေနပ်အပြုံးတို့ မျက်နှာထက်မှာ ထင်ဟပ်လာတော့သည်။ 

အနိုင်ကျင့်တာမဟုတ်ပဲ သိပ်ချစ်လွန်းလို့ဆိုးမိတာကိုတော့ ခွင့်လွှတ်ပါလေ။ နှစ်ကိုယ်တူကြင်နာခွင့်ရတဲ့တစ်နေ့ ဆိုးခဲ့သမျှကို အတိုးချပြီး ကျွန်တော်က အစ်ကိုကျေနပ်အောင် ပြန်ချော့ပါ့မယ်။ 

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၈-၉-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၆), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၆), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၆) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၆) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၆) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၆) light novel, ,

Comment

Leave a Reply

Chapter 51